မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် လူနာဌာနသို့ လာရောက်သော
လူနာများအား အခမဲ့ ကုသပေး လျက်ရှိပြီး ငွေကြေး တစ်စုံတစ်ရာတောင်းခံလျှင်
တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံ ရေး အရာရှိ ဦးမင်းလွင်က
မဇ္ဈိမကို ပြောသည်။
အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော
ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း
အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့်
သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊
သွေးချိုစစ်ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ
အဆိုပါကိစ္စရပ်များကို မသိရှိဘဲ ၀န်ထမ်းများက
ငွေကြေးတောင်းခံခြင်းများရှိနေသောကြောင့် ယခုကဲ့သို့ ပြည်သူများသိရန်
ရည်ရွယ်ခြင်းဖြစ်သည်။
“အရေးပေါ်လူနာဌာနမှာ အထက်ပါ စမ်းသပ်မှုတွေကို အခမဲ့ပေးနေတဲ့ အခမဲ့ပေးမယ့်
ဆေးဝါးတွေကို ကြေညာထားပါတယ်။ အဲဒါတွေကို ကြည့်ပြီး သက်ဆိုင်ရာ
တာဝန်ရှိသူတွေကို မေးနိုင်ပါတယ်။ ဒါတွေကို ကျန်းမာရေးအသုံးစရိတ်ခွဲတမ်း
ပေါ်မူတည်ပြီး အခုလိုအခမဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မန္တလေးပြည်သူ့ဆေးရုံတွင် မြွေကိုက်ခံရသည့် လူနာများအားလည်း
အခမဲ့မြွေဆိပ်ဖြေဆေးများကို ထိုးပေးလျက်ရှိကြာင်း၊ သို့သော်
မြွေဆိပ်ဖြေဆေးမှာ တန်ဖိုးကြီးမားသောကြောင့် အရေးပေါ်လူနာဌာနသို့ လာ
ရောက်စဉ်တွင် ထိုးပေးခြင်းမျိုးသာရှိကြောင်း၊ အရေးပေါ်လူနာဌာနမှ
ပြင်ပလူနာဌာနသို့ပြောင်းပြီးနောက် ပိုင်းမှ စတင်၍ အခကြေးငွေပေးအပ်ပြီးမှ
ထိုးပေးသည်။
“အရေးပေါ်လူနာဌာနက အခမဲ့လုပ် ပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ပြင်ပလူနာဌာနကို
ပြောင်းရွှေ့သွားလျှင် အခမဲ့ပေးအပ်မယ့် ဆေးဝါးစာရင်းများကို
ကြေညာထားရှိပါတယ်။ အဲဒါတွေကိုပဲ အခမဲ့ပေးပါတယ်။ အဲဒါတွေကိုလည်း
နားလည်ဖို့လို ပါတယ်။ ဒါကိုနားလည်ခြင်းမရှိဘဲ တိုင်ကြားမှုတွေလည်းရှိလို့
အခုလို ပြောကြားရခြင်းဖြစ်ပါတယ်”ဟု မန်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။
ထို့အပြင် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် ယခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာက
အသုံးစရိတ်များကို ယခင်နှစ်ထက်ပိုမိုချထားပေးရန် အစီအစဉ်များရှိသဖြင့်
လက်ရှိအခမဲ့ပေးအပ်နေသည့်ထက် ပိုမိုလုပ်ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်သည်။
“တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေ သိရှိအောင် ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်။
ပွင့်လင်းမြင်သာမှုတွေရှိဖို့ လိုအပ်ပါတယ်”ဟု မန္တလေး၊ရွှေဘိုမြို့မှ
တောင်သူတစ်ဦးက ပြောသည်။
မျိုးသန့်
Mizzima - News in Burmese

No comments:
Post a Comment